Y.U.F.Lမှ အပျင်းပြေနေ့ရက်များ
Canteenသည် ကျွန်မတို့၏ ဧည့်ခန်းဖြစ်ပါသည်။ အနားယူရာနေရာလည်းဖြစ်၍ အခြားကျောင်းမှလူများအားလုံးကို ဧည့်ခံရာနေရာလည်း ဖြစ်သောကြောင့်ပင်။ သို့ဆိုလျှင် စာကြည့်တိုက်က… စာကြည့်တိုက်က (ဆရာ၊ဆရာမများ မကြားအောင်ပြောရလျှင်တော့…) အိပ်ခန်းဖြစ်နိုင်ပါသည်။ အတန်းမတက်ချင်တိုင်း စာကြည့်တိုက်တွင် သွားသွားငိုက်တတ်ကြသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် စာကြည့်တိုက်သည် အတန်းပြေးရန် အကောင်းဆုံးသော ပုန်းခိုရာလည်း ဖြစ်ပါသည်။ tutorialရှိလျှင်တော့ စာကျက်ရန်အကြောင်းပြ၍ ကောင်းသည်ပေါ့။
မည်သို့ပင်ဖြစ်စေ ကျွန်မတို့အလွန်သောင်းကျန်း၍ ကောင်းပါသည်။ ကျွန်မတို့ဆိုသည်မှာလည်း canteenထိုင်လိုက်၊ အပြင်ခိုးထွက်လိုက်၊ အတန်းပြေးလိုက် သာလုပ်တတ်ကြသူများဖြစ်ပါသည်။ စဉ်းစားကြည့်လျှင် ပျော်ဖို့တော့ကောင်းပါသည်။
ညနေညနေကျောင်းဆင်းလျှင် စာကျက်မည်ဟုအကြောင်းပြကာ စာအုပ်လေးတွေ လက်မှာကိုင်၍ နည်းမျိုးစုံကစားကြသည်။ ဘာမှန်းမသိသော ဘောပင်လှည့်တမ်းလည်းပါသည်။ လူရှင်သောနေ့မျိုးတွင် LRCရှေ့တွင်ပင် ခိုတွန်းတမ်းကစားကောင်း၍ ခြေမကွဲဖူးသည်လည်း ရှိသည်။ တစ်ယောက်ဆိုလျှင် လက်တွဲဖြုတ်တမ်းကစားရင်းမှ လက်ပွန်းသွားဖူးသည်။
သို့သော်လည်း မမှုပါ။ အသောင်းကျန်းဆုံးဘွဲ့ကိုသာ မက်မောကြ၍ဖြစ်မည်။ တစ်ခါတစ်ရံပေါက်ကရ ထလုပ်ရန်လည်း ၀န်မလေးကြပါ။ အရင်းထက်ဝက်ကျော်ခန့် အမြတ်တင်၍ ကဗျာစာအုပ်လည်း ရောင်းဖူးသည်။ သိသိ၊ မသိသိ အတင်းထိုးရောင်းနည်းမျိုးနှင့် စီးပွားရှာခဲ့ကြ၍ ကျွန်မတို့ သုံးလေးရက်ခန့် သူဋ္ဌေးဖြစ်ဖူးပါသည်။ ဖတ်စာအုပ်ထဲတွင် သွေးအုပ်စုအကြောင်းသင်ရတော့ တွေ့သမျှလူကို ဘာသွေးလဲခန့်မှန်းပြီး သွားမေးကာ အူကြောင်ကြောင်လည်း သွားလုပ်တတ်ကြသည်။ culture showဆိုလျှင်လည်း တစ်ယောက်မျှမငြင်း၊ ပါလိုက်သည်ချည်း။ ကီမိုနိုနှင့် ခပ်ဆင်ဆင်တူသော ယူခတများဝတ်၍ စင်ပေါ်တက်ကြသည်။ ပြဇာတ်ကကြသည်။ ပြိုင်စရာဆိုင်စရာရှိလျှင်လည်း ဂျပန်မေဂျာအကောင်းဆုံး၊ ဂျပန်မေဂျာအတော်ဆုံး။ တခြားမေဂျာတစ်ခုခုကများ ကိုယ့်ထက်သာသွားလျှင်တော့ တစ်ဖျစ်ဖျစ်တတောက်တောက် ရေရွတ်၍မပြီးတော့(ကျွန်မတို့၏ လက်စွဲဆောင်ပုဒ်က “ငါတို့အောင်မြင်ပြီး သူများတကာတွေ ကျရှုံးပါစေတဲ့”)။ ထိုအချိန်မျိုးတွင်တော့ ဆရာများနှင့် ကြည်သာသည်ပေါ့။
အဲ…ကျောင်းပြေးကြပြီ ဆိုလျှင်တော့ အခြေအနေကြည့်ကြရပြီ။ ဆရာမမြင်အောင် ခိုးထွက်ရသည်နှင့်။ အတန်းလိုက်ကြီး ပျောက်သွားဖူး၍လည်း ပြန်တောင်းပန်ရသည်မျိုးလည်းရှိသည်။ စိတ်ကူးပေါက်လျှင်တော့ မိုးရွာသောနေ့မျိုးတွင် လေးငါးခြောက်ယောက်လောက် ဖိနပ်လဲစီးကြသည်။ တစ်ယောက်နှင့်တစ်ယောက် ဆင်တစ်ဖက်၊ မြင်းတစ်ဖက်ဖြစ်အောင်စီးရင်း ထိုအတိုင်းပင် မရှက်မကြောက် တစ်ခန်းဝင်တစ်ခန်းထွက်သွားလာကြသည်မှာလည်း ကျွန်မတို့ပင်။ မိုးရွာကြီးထဲတွင်ပင် ထီးမလုံမလောက်နဲ့ လမ်းလျှောက်ပြီးmainရှေ့က ၀က်သားတုတ်ထိုးလည်း သွားစားဖူးသည်။ ဆလွန်းတစ်စီးထဲတွင် လူဆယ့်နှစ်ယောက်ဆံ့အောင်လည်း စီးဖူးသည်။
အမြဲတမ်းကြီး စည်းလုံးနေကြသည်တော့လည်း မဟုတ်။ သူဟိုနေရာသွားလျှင် ငါ့ကိုမခေါ်၍၊ ငါသည်ဟာလုပ်လျှင် သူ့ကိုမပြော၍ ထချကြသည်ကလည်း မနည်းမနော။ သို့သော်လည်း အချိန်ပြည့်တော့ မခေါ်မပြောဘဲ မည်သူကနေနိုင်မည်နည်း။ တစ်ယောက်ယောက် အခြားအတန်းမှလူများနှင့် ပြဿနာတက်ပြီဆိုပါစို့။ ၀ိုင်းဝန်းဖြေရှင်းပေးရန် မည်သူမျှ ၀န်မလေးကြ။ အထူးသဖြင့် tutorialဖြေချိန်မျိုးတွင် အလွန်စည်းလုံး၍ကောင်းသည်။
မှတ်မှတ်ရရများ၊ အမှတ်တမဲ့များက ရေတွက်၍ပင်မကုန်။ ဆရာကန်တော့ပွဲနေ့မျိုးဆိုလျှင် သိပ်ပျော်သည်။ (အဓိကက စာမသင်ရ၍ဖြစ်ပါသည်။) မိုးလင်းကတည်းက ကျောင်းရောက်နေကြပြီ။ တစ်ရက်ကြို၍ မှုတ်ထားသော(အမှန်က ဖောက်ထားသည်က ခပ်များများ)ပူဖောင်းများနှင့် ဆရာကန်တော့ပွဲလုပ်မည့် အခန်းကို အလှဆင်ကြသည်။ အခမ်းအနားမှူးလုပ်သော ကျောင်းသူက အခြားဆရာ၊ဆရာမများအားလုံးကို အမှာစကားပြောကြားရန် ပန်ကြားပြီး ကိုယ့်ဋ္ဌာနမှူးကို မေ့နေခဲ့သည်ကတော့ ဟာသပင်။ ဆရာ၊ဆရာမများ သုံးဆောင်နေကြချိန်တွင်တော့ ကျောင်းသားအားလုံးက ပိုသောမုန့်များနားတွင် ရစ်သီရစ်သီနှင့်။ ပြီးလျှင် သူ့ထက်ငါအရင် လုစားကြရသည်ကလည်း မမေ့နိုင်စရာ။
ရှိပါသေးသည်။ ရန်ကုန် ရေကြီးသောနေ့က စာမေးပွဲဖြေရသည်။ မေဂျာဘာသာပထမဆုံးနေ့။ စာမေးပွဲက တစ်နာရီစသည်။ ကျွန်မက ၁၂နာရီခွဲ၌ အင်းလျာလမ်းထိတ်တွင် ပိတ်နေပြီးမထွက်နိုင်တော့၍ အတော်ပင်စိတ်ဆင်းရဲနေသည်။ ခဏနေတော့ သူငယ်ချင်းသုံးယောက်ကိုတွေ့လိုက်ရ၍ အပြေးအလွှား ဆင်းလိုက်သွားရသည်။ ခဏနေတော့နောက်တစ်ယောက် ရောက်လာသည်။ မတိုင်ပင်ထားဘဲ မိုးရွာကြီးထဲတွင် ကျောင်းသို့ လမ်းလျှောက်လာကြသည်။ လုံချည်လည်းစို၊ ဆံပင်လည်းစို၊ အကုန်စို။ ဖြေရမည့်စာဆိုသည်က ဘယ်နားနေမှန်းမသိ။ ကျောင်းရောက်တော့ တစ်နာရီခွဲတော့မည်။ ကိုယ့်ထက်နောက်ကျသူများကလည်း တစ်ပုံတစ်ပင်။ ဋ္ဌာနမှဆရာမများက လုံချည်အစိုများကို လဲစေသည်။ စာမေးပွဲဖြေနေချိန်တွင် ဆရာမက ဆေးနှင့်ရေနွေးလိုက်တိုက်ပေးသည်ကတော့ တကယ့်ကြင်နာမှု၏ ပြယုဂ်ဖြစ်ပါသည်။ စိတ်အေးအေးထားဖြေရန်လည်း အားပေးပေးသေးသည်။ မီးပျက်နေ၍ ဖယောင်းတိုင်လေးများသည် အေးစက်နေသည့်လက်များ မီးကင်ရန် ဖြစ်ကုန်သည်။ လင်းထိန်နေသော စာဖြေခန်းကိုကြည့်ရင်း “သူများတွေက candle dinnerပဲ စားဖူးတာ၊ ငါတို့က candle examတောင် ဖြေဖူးပြီ”ဟု မဆီမဆိုင် ဂုဏ်ယူမိသေးသည်။
အခုကျောင်းဖွင့်လျှင်တော့ ပိုပျော်စရာကောင်းမည်ဟု ထင်ပါသည်။ နှစ်ယောက်က သူငယ်ချင်းဘ၀မှ ချစ်သူများအဖြစ် ရာထူးတက်သွား၍ ဖြစ်သည်။ တွေးကြည့်လျှင်တော့ ကျောင်းသားဘ၀ကို ကျေနပ်ဖို့ကောင်းပါသည်။
(ကျောင်းဖွင့်ပြီးသည်အထိ ဒီစာစုလေးကိုမပို့နိုင်သေး၍ ဆက်လက်လျှာရှည်ရပြန်ပါသည်။) တတိယနှစ်တစ်ဖြစ်လည်း နောက်ဆုံးနှစ်သည် ကျွန်မတို့အတွက် ရန်သူများသာဖြစ်ပါသည်။ ဂျပန်စာများနှင့်သာ ဘ၀လုပ်နေရသောအချိန်များတွင် ကွန်ပျူတာအချိန်လေးသည် အသက်ကယ်ဆေးဖြစ်လာပါသည်။ အမှန်တော့ ကျောင်းပြေး၍ကောင်းလွန်းသောကြောင့်ပင်။ အသက်ကြီးလာပြီဟူ၍ ၀မ်းနည်းရသည့်နေ့များကလည်း ကုဋေကုဋာ….။ ကျောင်းပြီးလျှင် လူငယ်များဟု အမြင်ခံရတော့မည်မဟုတ်ချေ။
ယမန်နေ့က ကျောင်းတွင် ရှားရှားပါးပါး သီချင်းသင်ပေးသည်။ ဆိုရသည့်သီချင်းကလည်း “သူငယ်ချင်းသုံယောက်၏ဓာတ်ပုံ”တဲ့။ သူငယ်ချင်းတစ်ယောက် ငိုသွားရသည်အထိ ဟတ်ထိခဲ့သော သီချင်းဖြစ်ပါသည်။ နောက်ဆုံးနေ့ဆရာကန်တော့ပွဲနေ့ရောက်လျှင် ထိုသီချင်းဖွင့်၍ ငိုကြလိမ့်မည်ဟု တစ်ယောက်က ဟောချက်ထုတ်ရလောက်အောင်ပင်။ သီချင်းစာသားထဲကအတိုင်း “ကျောင်းပြီးသွားချိန်ထိ တောက်လျှောက်သူငယ်ချင်း”များသာဖြစ်လိုပါသည်။
နောက်ဆုံးနှစ်၏ နောက်ဆုံးစာသင်နှစ်ဝက်သို့ ရောက်လာချိန်တွင်တော့ ရန်လည်းသိပ်မဖြစ်လို့တော့ပါ။ ကြည့်မရသူများကိုလည်း အပြစ်မဆိုချင်တော့ပါ။ ကျွန်မတို့ ခွဲရတော့မည်မဟုတ်ပါလား။ နောက်ဆုံးအချိန်လေးများကို အပျော်ဆုံးနှင့်အမှတ်တရဆုံးဖြစ်အောင် ကုန်ဆုံးသွားလိုပါသည်။ သူငယ်ချင်းများအားလုံးနှင့် ဆရာဆရာမများအားလုံးကို ကျေးဇူးတင်ပါသည်။