လွယ်လွယ်ကူကူ www.mydaydream.co.nr နဲ့လည်းရပြီနော်
လာလည်တဲ့သူအားလုံးကျေးဇူး…
လွယ်လွယ်ကူကူ www.mydaydream.co.nr နဲ့လည်းရပြီနော်
လာလည်တဲ့သူအားလုံးကျေးဇူး…
ယနေ့မှစ၍နေ့အိပ်မက်ဘလော့ကို http://mydaydream.iblogger.orgတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။
(ဆီပုံးလည်းရပြီနော်၊ ပြောချင်တာသာပြောကြတော့၊ themeလည်းပြောင်းထားတယ်၊ postတွေလည်း တင်ဦးမှာ)
Y.U.F.Lမှ အပျင်းပြေနေ့ရက်များ
Canteenသည် ကျွန်မတို့၏ ဧည့်ခန်းဖြစ်ပါသည်။ အနားယူရာနေရာလည်းဖြစ်၍ အခြားကျောင်းမှလူများအားလုံးကို ဧည့်ခံရာနေရာလည်း ဖြစ်သောကြောင့်ပင်။ သို့ဆိုလျှင် စာကြည့်တိုက်က… စာကြည့်တိုက်က (ဆရာ၊ဆရာမများ မကြားအောင်ပြောရလျှင်တော့…) အိပ်ခန်းဖြစ်နိုင်ပါသည်။ အတန်းမတက်ချင်တိုင်း စာကြည့်တိုက်တွင် သွားသွားငိုက်တတ်ကြသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် စာကြည့်တိုက်သည် အတန်းပြေးရန် အကောင်းဆုံးသော ပုန်းခိုရာလည်း ဖြစ်ပါသည်။ tutorialရှိလျှင်တော့ စာကျက်ရန်အကြောင်းပြ၍ ကောင်းသည်ပေါ့။
မည်သို့ပင်ဖြစ်စေ ကျွန်မတို့အလွန်သောင်းကျန်း၍ ကောင်းပါသည်။ ကျွန်မတို့ဆိုသည်မှာလည်း canteenထိုင်လိုက်၊ အပြင်ခိုးထွက်လိုက်၊ အတန်းပြေးလိုက် သာလုပ်တတ်ကြသူများဖြစ်ပါသည်။ စဉ်းစားကြည့်လျှင် ပျော်ဖို့တော့ကောင်းပါသည်။
ညနေညနေကျောင်းဆင်းလျှင် စာကျက်မည်ဟုအကြောင်းပြကာ စာအုပ်လေးတွေ လက်မှာကိုင်၍ နည်းမျိုးစုံကစားကြသည်။ ဘာမှန်းမသိသော ဘောပင်လှည့်တမ်းလည်းပါသည်။ လူရှင်သောနေ့မျိုးတွင် LRCရှေ့တွင်ပင် ခိုတွန်းတမ်းကစားကောင်း၍ ခြေမကွဲဖူးသည်လည်း ရှိသည်။ တစ်ယောက်ဆိုလျှင် လက်တွဲဖြုတ်တမ်းကစားရင်းမှ လက်ပွန်းသွားဖူးသည်။
သို့သော်လည်း မမှုပါ။ အသောင်းကျန်းဆုံးဘွဲ့ကိုသာ မက်မောကြ၍ဖြစ်မည်။ တစ်ခါတစ်ရံပေါက်ကရ ထလုပ်ရန်လည်း ၀န်မလေးကြပါ။ အရင်းထက်ဝက်ကျော်ခန့် အမြတ်တင်၍ ကဗျာစာအုပ်လည်း ရောင်းဖူးသည်။ သိသိ၊ မသိသိ အတင်းထိုးရောင်းနည်းမျိုးနှင့် စီးပွားရှာခဲ့ကြ၍ ကျွန်မတို့ သုံးလေးရက်ခန့် သူဋ္ဌေးဖြစ်ဖူးပါသည်။ ဖတ်စာအုပ်ထဲတွင် သွေးအုပ်စုအကြောင်းသင်ရတော့ တွေ့သမျှလူကို ဘာသွေးလဲခန့်မှန်းပြီး သွားမေးကာ အူကြောင်ကြောင်လည်း သွားလုပ်တတ်ကြသည်။ culture showဆိုလျှင်လည်း တစ်ယောက်မျှမငြင်း၊ ပါလိုက်သည်ချည်း။ ကီမိုနိုနှင့် ခပ်ဆင်ဆင်တူသော ယူခတများဝတ်၍ စင်ပေါ်တက်ကြသည်။ ပြဇာတ်ကကြသည်။ ပြိုင်စရာဆိုင်စရာရှိလျှင်လည်း ဂျပန်မေဂျာအကောင်းဆုံး၊ ဂျပန်မေဂျာအတော်ဆုံး။ တခြားမေဂျာတစ်ခုခုကများ ကိုယ့်ထက်သာသွားလျှင်တော့ တစ်ဖျစ်ဖျစ်တတောက်တောက် ရေရွတ်၍မပြီးတော့(ကျွန်မတို့၏ လက်စွဲဆောင်ပုဒ်က “ငါတို့အောင်မြင်ပြီး သူများတကာတွေ ကျရှုံးပါစေတဲ့”)။ ထိုအချိန်မျိုးတွင်တော့ ဆရာများနှင့် ကြည်သာသည်ပေါ့။
အဲ…ကျောင်းပြေးကြပြီ ဆိုလျှင်တော့ အခြေအနေကြည့်ကြရပြီ။ ဆရာမမြင်အောင် ခိုးထွက်ရသည်နှင့်။ အတန်းလိုက်ကြီး ပျောက်သွားဖူး၍လည်း ပြန်တောင်းပန်ရသည်မျိုးလည်းရှိသည်။ စိတ်ကူးပေါက်လျှင်တော့ မိုးရွာသောနေ့မျိုးတွင် လေးငါးခြောက်ယောက်လောက် ဖိနပ်လဲစီးကြသည်။ တစ်ယောက်နှင့်တစ်ယောက် ဆင်တစ်ဖက်၊ မြင်းတစ်ဖက်ဖြစ်အောင်စီးရင်း ထိုအတိုင်းပင် မရှက်မကြောက် တစ်ခန်းဝင်တစ်ခန်းထွက်သွားလာကြသည်မှာလည်း ကျွန်မတို့ပင်။ မိုးရွာကြီးထဲတွင်ပင် ထီးမလုံမလောက်နဲ့ လမ်းလျှောက်ပြီးmainရှေ့က ၀က်သားတုတ်ထိုးလည်း သွားစားဖူးသည်။ ဆလွန်းတစ်စီးထဲတွင် လူဆယ့်နှစ်ယောက်ဆံ့အောင်လည်း စီးဖူးသည်။
အမြဲတမ်းကြီး စည်းလုံးနေကြသည်တော့လည်း မဟုတ်။ သူဟိုနေရာသွားလျှင် ငါ့ကိုမခေါ်၍၊ ငါသည်ဟာလုပ်လျှင် သူ့ကိုမပြော၍ ထချကြသည်ကလည်း မနည်းမနော။ သို့သော်လည်း အချိန်ပြည့်တော့ မခေါ်မပြောဘဲ မည်သူကနေနိုင်မည်နည်း။ တစ်ယောက်ယောက် အခြားအတန်းမှလူများနှင့် ပြဿနာတက်ပြီဆိုပါစို့။ ၀ိုင်းဝန်းဖြေရှင်းပေးရန် မည်သူမျှ ၀န်မလေးကြ။ အထူးသဖြင့် tutorialဖြေချိန်မျိုးတွင် အလွန်စည်းလုံး၍ကောင်းသည်။
မှတ်မှတ်ရရများ၊ အမှတ်တမဲ့များက ရေတွက်၍ပင်မကုန်။ ဆရာကန်တော့ပွဲနေ့မျိုးဆိုလျှင် သိပ်ပျော်သည်။ (အဓိကက စာမသင်ရ၍ဖြစ်ပါသည်။) မိုးလင်းကတည်းက ကျောင်းရောက်နေကြပြီ။ တစ်ရက်ကြို၍ မှုတ်ထားသော(အမှန်က ဖောက်ထားသည်က ခပ်များများ)ပူဖောင်းများနှင့် ဆရာကန်တော့ပွဲလုပ်မည့် အခန်းကို အလှဆင်ကြသည်။ အခမ်းအနားမှူးလုပ်သော ကျောင်းသူက အခြားဆရာ၊ဆရာမများအားလုံးကို အမှာစကားပြောကြားရန် ပန်ကြားပြီး ကိုယ့်ဋ္ဌာနမှူးကို မေ့နေခဲ့သည်ကတော့ ဟာသပင်။ ဆရာ၊ဆရာမများ သုံးဆောင်နေကြချိန်တွင်တော့ ကျောင်းသားအားလုံးက ပိုသောမုန့်များနားတွင် ရစ်သီရစ်သီနှင့်။ ပြီးလျှင် သူ့ထက်ငါအရင် လုစားကြရသည်ကလည်း မမေ့နိုင်စရာ။
ရှိပါသေးသည်။ ရန်ကုန် ရေကြီးသောနေ့က စာမေးပွဲဖြေရသည်။ မေဂျာဘာသာပထမဆုံးနေ့။ စာမေးပွဲက တစ်နာရီစသည်။ ကျွန်မက ၁၂နာရီခွဲ၌ အင်းလျာလမ်းထိတ်တွင် ပိတ်နေပြီးမထွက်နိုင်တော့၍ အတော်ပင်စိတ်ဆင်းရဲနေသည်။ ခဏနေတော့ သူငယ်ချင်းသုံးယောက်ကိုတွေ့လိုက်ရ၍ အပြေးအလွှား ဆင်းလိုက်သွားရသည်။ ခဏနေတော့နောက်တစ်ယောက် ရောက်လာသည်။ မတိုင်ပင်ထားဘဲ မိုးရွာကြီးထဲတွင် ကျောင်းသို့ လမ်းလျှောက်လာကြသည်။ လုံချည်လည်းစို၊ ဆံပင်လည်းစို၊ အကုန်စို။ ဖြေရမည့်စာဆိုသည်က ဘယ်နားနေမှန်းမသိ။ ကျောင်းရောက်တော့ တစ်နာရီခွဲတော့မည်။ ကိုယ့်ထက်နောက်ကျသူများကလည်း တစ်ပုံတစ်ပင်။ ဋ္ဌာနမှဆရာမများက လုံချည်အစိုများကို လဲစေသည်။ စာမေးပွဲဖြေနေချိန်တွင် ဆရာမက ဆေးနှင့်ရေနွေးလိုက်တိုက်ပေးသည်ကတော့ တကယ့်ကြင်နာမှု၏ ပြယုဂ်ဖြစ်ပါသည်။ စိတ်အေးအေးထားဖြေရန်လည်း အားပေးပေးသေးသည်။ မီးပျက်နေ၍ ဖယောင်းတိုင်လေးများသည် အေးစက်နေသည့်လက်များ မီးကင်ရန် ဖြစ်ကုန်သည်။ လင်းထိန်နေသော စာဖြေခန်းကိုကြည့်ရင်း “သူများတွေက candle dinnerပဲ စားဖူးတာ၊ ငါတို့က candle examတောင် ဖြေဖူးပြီ”ဟု မဆီမဆိုင် ဂုဏ်ယူမိသေးသည်။
အခုကျောင်းဖွင့်လျှင်တော့ ပိုပျော်စရာကောင်းမည်ဟု ထင်ပါသည်။ နှစ်ယောက်က သူငယ်ချင်းဘ၀မှ ချစ်သူများအဖြစ် ရာထူးတက်သွား၍ ဖြစ်သည်။ တွေးကြည့်လျှင်တော့ ကျောင်းသားဘ၀ကို ကျေနပ်ဖို့ကောင်းပါသည်။
(ကျောင်းဖွင့်ပြီးသည်အထိ ဒီစာစုလေးကိုမပို့နိုင်သေး၍ ဆက်လက်လျှာရှည်ရပြန်ပါသည်။) တတိယနှစ်တစ်ဖြစ်လည်း နောက်ဆုံးနှစ်သည် ကျွန်မတို့အတွက် ရန်သူများသာဖြစ်ပါသည်။ ဂျပန်စာများနှင့်သာ ဘ၀လုပ်နေရသောအချိန်များတွင် ကွန်ပျူတာအချိန်လေးသည် အသက်ကယ်ဆေးဖြစ်လာပါသည်။ အမှန်တော့ ကျောင်းပြေး၍ကောင်းလွန်းသောကြောင့်ပင်။ အသက်ကြီးလာပြီဟူ၍ ၀မ်းနည်းရသည့်နေ့များကလည်း ကုဋေကုဋာ….။ ကျောင်းပြီးလျှင် လူငယ်များဟု အမြင်ခံရတော့မည်မဟုတ်ချေ။
ယမန်နေ့က ကျောင်းတွင် ရှားရှားပါးပါး သီချင်းသင်ပေးသည်။ ဆိုရသည့်သီချင်းကလည်း “သူငယ်ချင်းသုံယောက်၏ဓာတ်ပုံ”တဲ့။ သူငယ်ချင်းတစ်ယောက် ငိုသွားရသည်အထိ ဟတ်ထိခဲ့သော သီချင်းဖြစ်ပါသည်။ နောက်ဆုံးနေ့ဆရာကန်တော့ပွဲနေ့ရောက်လျှင် ထိုသီချင်းဖွင့်၍ ငိုကြလိမ့်မည်ဟု တစ်ယောက်က ဟောချက်ထုတ်ရလောက်အောင်ပင်။ သီချင်းစာသားထဲကအတိုင်း “ကျောင်းပြီးသွားချိန်ထိ တောက်လျှောက်သူငယ်ချင်း”များသာဖြစ်လိုပါသည်။
နောက်ဆုံးနှစ်၏ နောက်ဆုံးစာသင်နှစ်ဝက်သို့ ရောက်လာချိန်တွင်တော့ ရန်လည်းသိပ်မဖြစ်လို့တော့ပါ။ ကြည့်မရသူများကိုလည်း အပြစ်မဆိုချင်တော့ပါ။ ကျွန်မတို့ ခွဲရတော့မည်မဟုတ်ပါလား။ နောက်ဆုံးအချိန်လေးများကို အပျော်ဆုံးနှင့်အမှတ်တရဆုံးဖြစ်အောင် ကုန်ဆုံးသွားလိုပါသည်။ သူငယ်ချင်းများအားလုံးနှင့် ဆရာဆရာမများအားလုံးကို ကျေးဇူးတင်ပါသည်။
လူတွေရဲ့ စိတ်ကိုခွဲခြားဖို့ဆိုတာ ခက်လွန်းအားကြီးပါတယ်။ ဒါပေမဲ့ အဲဒီခက်တာကိုပဲလိုချင်ဖို့ ဒီလူကဘယ်လို၊ ဟိုလူကဘယ်သို့ဆိုပြီး ခွဲခြားပြောတတ်ကြတယ်မဟုတ်လား။ အခုသူငယ်ချင်းတို့ကို လူ့သဘောသဘာဝကို အကြမ်းဖျဉ်းခွဲနိုင်မယ့် နည်းလမ်းလေး တစ်ခုမျှဝေချင်ပါတယ်။ နည်းနည်းတော့ ထူးခြားတယ်။ ဒီနည်းလမ်းကို သုံးဖို့ဆိုရင် ကိုယ်သိချင်တဲ့လူရဲ့ သွေးအုပ်စုကို သိမှရမှာ။ အထင်မသေးနဲ့နော်။ လက်တွေ့စမ်းထားတာ ၁၀၀မှာ နှစ်ယောက်လောက်ပဲ မှားသေးတယ်။ အောက်မှာရေးထားတာတွေကို အလွတ်မှတ်ပြီး ကိုယ်နဲ့ခင်တဲ့သူတွေကို ဘာသွေးလဲ လိုက်ပြောကြည့်လေ။ မှန်သွားရင် တော်တော်အထင်ကြီးခံရမှာနော်။ ကဲ…စပြီ။
Aသွေး
အေသွေးပိုင်ရှင်တွေက စေ့စပ်သေချာသူတွေပါတဲ့။ အရာရာကို စနစ်တကျ၊ သပ်သပ်ရပ်ရပ်လုပ်ကိုင်လိုပြီး လူ့ကျင့်ဝတ်တွေကို အတတ်နိုင်ဆုံးလိုက်နာကြပါတယ်တဲ့။ လူမှုရေးစည်းကမ်းတွေ၊ လူ့ဘောင်အသိုင်းအ၀ိုင်းတွေကို အလွန်ဂရုစိုက်တတ်ကြသူတွေတဲ့။ လွယ်လွယ်ကူကူ ဥပမာပေးရရင်တော့…အေသွေးပိုင်ရှင်တွေက စာမေးပွဲရှိပြီးဆိုတာနဲ့ စာကျက်ဖို့ပြင်လိမ့်မယ်။ သူတို့ရဲ့ ဖတ်စာအုပ်တွေမှာ စာရှင်းပြထားတာကို မှတ်ထားတာကလွဲပြီး တခြားဘာအရာမှ တွေ့ရမှာမဟုတ်ဘူး။ နောက်ပြီး ဆရာဆူမှာတို့၊ ကျောင်းနောက်ကျမှာတို့ကို တော်တော်စိုးရိမ်တတ်ကြတဲ့သူတွေပေါ့။ သမားရိုးကျဆန်ပြီးတော့ စာမှန်မှန်ကျက်တဲ့သူတွေ၊ အလုပ်အကြွေးမထားတဲ့သူတွေ၊ စိတ်လွတ်ကိုယ်လွတ် မနေတတ်တဲ့သူတွေတွေ့ရင် အေသွေးလို့သာမှန်းလိုက်တော့။ သြော်…ဂျပန်လူမျိုးတွေရဲ့ ၈၀ရာနှုန်းက အေသွေးပိုင်ရှင်တွေပါတဲ့။
Bသွေး
သူတို့ကျတော့ ခုနကအေသွေးတွေနဲ့ ဆန့်ကျင်ဘက်။ ဘာကိုမှ အရေးမထားဘူး။ သူတို့လုပ်ချင်တာပဲ စိတ်ဝင်စားတယ်။ မလုပ်ချင်ဘူးဆိုရင် တော်ရုံတန်ရုံ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်ကြဘူးတဲ့။ လူမှုရေးတွေ၊ ပတ်ဝန်းကျင်တွေကိုလည်း ခေါင်းထဲမှာ သိပ်မတွေးဘဲ လွတ်လွတ်လပ်လပ်နေတတ်တဲ့သူတွေက ဘီသွေးပိုင်ရှင်တွေပေါ့။ ဒါပေမဲ့ ဘီသွေးပိုင်ရှင်တွေမှာ သူတစ်ပါးကို မြင်တတ်ကြတဲ့ အမြင်စိတ်ကူးတွေရှိကြပါတယ်တဲ့။ ဥပမာ…မနက်ဖြန်လို စာမေးပွဲရှိတာတောင် ဒီနေ့ဂိမ်းဆော့နေနိုင်တဲ့သူ၊ အလုပ်ပြုတ်မှာတွေ၊ ကျောင်းထုတ်ခံရမှာတွေကို သိပ်မကြောက်တတ်တဲ့သူ၊ သပ်သပ်ရပ်ရပ်မရှိဘဲ သူတို့ပျော်သလိုနေတတ်ကြသူတွေက ဘီသွေးပိုင်ရှင်တွေပေါ့။ အနုပညာသမားတွေ၊ ဝေဖန်ရေးဆရာတွေထဲမှာ ဘီသွေးကအများဆုံးပဲတဲ့။
Oသွေး
ဒီသွေးကတော့ ဆရာကြီးသွေး။ ဘာလို့လဲဆိုတော့ ဒီသွေးပိုင်ရှင်တွေက သူများကိုဦးဆောင်ရမှ ကျေနပ်တတ်ကြတယ်တဲ့။ အပေါင်းအသင်းစိတ်ရှိပြီး အေးအေးဆေးဆေးနေလိုတဲ့အခါမျိုးလည်း ရှိတတ်ကြပါတယ်။ တစ်ခါတစ်လေကျတော့လည်း နည်းနည်းတော့ တစ်ကိုယ်ကောင်းဆန်ချင်ကြတယ်တဲ့။ သူတို့ပြောတာမှအမှန်လို့ ယူဆချင်ကြတာလည်း ဒီအိုသွေးအုပ်စုဝင်တွေပါပဲ။ ကိုယ့်အပေါင်းအသင်းတွေထဲမှာ သူများကိုဆရာလုပ်တတ်တဲ့ အကျင့်ရှိနေတဲ့သူတွေကိုတော့ အိုသွေးလို့သာစွပ်စွဲလိုက်တော့။ သူတို့ကျတော့ ကျောင်းဆရာတွေ၊ ခေါင်းဆောင်တွေအဖြစ်များကြတယ်လေ။ မြန်မာပြည်မှာတော့ အိုသွေးပိုင်ရှင်အများဆုံးလို့ ထင်ရပါတယ်။
ABသွေး
ဒီသွေးပိုင်ရှင်တွေကတော့ ရှားလည်း အရှားဆုံး။ ထူးလည်းအထူးဆန်းဆုံးပဲ။ သူတို့မှာ အေရော၊ ဘီရောပေါင်းထားတဲ့ အရည်အသွေးတွေ ရှိနေတတ်ကြတယ်တဲ့။ ဘီတွေထက်တောင်ပိုပြီး ဘာကိုမှမမှုကြဘူးတဲ့။ အေတွေလိုပဲ စနစ်တကျလည်း လုပ်တတ်ကြပါတယ်။ အခန်းထဲမှာ ဒီလူကတော့ လူတစ်မျိုးပဲလို့တွေးမိရင် အဲဒီလူကအေဘီသွေးပိုင်ရှင်ဖြစ်ဖို့ များနေပါပြီ။ သွေးအုပ်စုဝင်တွေအားလုံးထဲမှာ အရှားဆုံးသွေးပါ။
အုပ်စုတွေမတူသလို အေနဲ့ဘီနဲ့က မတည့်ကြပါဘူးတဲ့။ တစ်ယောက်နဲ့တစ်ယောက် အကျင့်ချင်းက ဘာမှမဆိုင်တော့ အဆင်မပြေပါဘူးတဲ့။ အေကသပ်သပ်ရပ်ရပ်နေ၊ ဘီကလိုက်ဖွနဲ့ ထငြင်းကြရောတဲ့။ အဲ…အိုနဲ့ဘီနဲ့ ကျတော့ သိပ်တည့်ကြပြန်ရော။ အိုက သူလုပ်ချင်သလိုဆရာလုပ်။ ဘီကလည်း သူမလုပ်ရရင်ပြီးရော၊ အားရပါးရထောက်ခံနဲ့ သိပ်တည့်ကြသူတွေပေါ့။ အေဘီတွေကတော့ အာလုံးက တစ်မျိုးပဲဆိုတဲ့ အမြင်နဲ့ကြည့်ခံရသူတွေဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့နော်။
ဒီအယူအဆက ဂျပန်တွေရဲ့အယူအဆတွေပါ။ မြန်မာပြည်မှာ တစ်ယောက်နဲ့တစ်ယောက်ခင်သွားရင် ဘာနေ့သားလဲလို့မေးပြီး အကျင့်တွေမှန်းတတ်ကြသလိုမျိုး၊ သူတို့တွေကလည်း မိတ်ဆက်တာနဲ့ ဘာသွေးလဲအရင်မေးတတ်ကြသူတွေပါ။ သူတို့ဆီမှာ အလုပ်လျှောက်ရင် သွေးအမျိုးအစားကိုပါ ထည့်ရေးရပါတယ်။ လူတစ်ယောက် အလုပ်တစ်ခုနဲ့ ကိုက်၊မကိုက်ဆိုတာကို သွေးအုပ်စုကိုပါထည့်စဉ်းစားတဲ့ သဘောပါ။ ဘာသွေးဖြစ်ဖြစ် အရေးကြီးတာ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာဖို့မဟုတ်လား။ ကဲပါ…ဘေးကလူတွေကိုလိုက်ပြီး ဘာသွေးပိုင်ရှင်ဖြစ်မလဲ ခန့်မှန်းလိုက်ကြပါဦး။ သူငယ်ချင်းအသစ်တွေရရင်လည်း ဘာသွေးလဲမေးကြည့်ပြီး အကျင့်စရိုက်ကို ကြိုမှန်းလို့ရတာပေါ့။
ဖြစ်ချင်တိုင်းဖြစ်ခွင့်ရ၍ ကာလယန္တရားတစ်ခု ပိုင်ဆိုင်ရသည်ဆိုပါက ယနေ့လူကြီးများကို ထိုစက်အတွင်းထည့်ပြီး အတိတ်သို့ အလည်သွားကြည့်စေလိုပါသည်။ လူငယ်များကိုမူ ထိုစက်အတွင်းသို့ပင် ထည့်၍ အနာဂတ်သို့ သွားကြည့်စေချင်မိပါသည်။ မိဘတိုင်း သားသမီးနှင့် ကတောက်ကဆ ဖြစ်ဖူးပါလိမ့်မည်။ သားသမီးမရှိသည့် လူများဆိုလျှင်လည်း တူ၊တူမများနှင့် အစာမကြေ ဖြစ်ဖူးကြမည် ထင်ပါသည်။ ယုတ်စွဆုံး တစ်ကိုယ်ရေတစ်ကာယသမားများပင်လျှင် လမ်းလျှောက်ရင်း မျက်စိခလုတ်တိုက်ခဲ့သည့် လူငယ်များကို ကြည့်မရ ဖြစ်ခဲ့ဖူးပေလိမ့်မည်။ ထိုပြဿနာပင်ဖြစ်ပါသည်။
ထိုပြဿနာသည် ခေတ်အဆက်ဆက် မငြီးငွေ့စတမ်း ပေါ်ပေါက်ခဲ့သော အကြိတ်အခဲဖြစ်ပါသည်။ ဟုတ်ပါသည်။ လူကြီးနှင့်လူငယ်ကြားမှ နားလည်မှုလိုအပ်ချက် ပြဿနာပင် ဖြစ်ပါသည်။ ဥာဏ်စဉ်မမီဟု လူကြီးများစိတ်တွင်ရှိနေသော လူငယ်များက တစ်ယူသန်များဟု ထိုလူကြီးများကို ပြန်လည်အပြစ်တင်သည်။ ထိုအခါ လူကြီးများက လူငယ်များကို ရိုင်းစိုင်းသည်ဟု မှတ်ချက်ချသည်။ လူငယ်များက တစ်ဖန်လူကြီးများကို အကြင်နာမရှိသူများဟု မှတ်ယူကြသည်။ ထိုကိစ္စသည် ဂျာအေးလည်း အရှိုးရာစွဲနေပါပြီ။ မုန့်လုံးမှာလည်း စက္ကူကြားတွင် ရှာမတွေ့တော့ပါ။ စက္ကန့်သုံးဆယ်မျှ အချိန်ပေး၍ စဉ်းစားကြည့်ကြရအောင်ပါ။ အဘယ်ကြောင့် ဖြစ်ရပါသနည်း။
အဘယ်ကြောင့်ဟု မေးပြန်လျှင်လည်း လူကြီးများက “သူတို့က နားမှမလည်တာ”ဟူ၍ ဖြေကောင်းဖြေကြပါလိမ့်မည်။ လူငယ်များလည်း “သူတို့က လူငယ်တွေရဲ့ စိတ်ခံစားချက်ကိုမှ မသိတာ”ဟု ခွန်းတုံ့ပြန်ကြမည် ထင်ပါသည်။ တစ်ယောက်တစ်ခွန်းပြောနေ၍ အဖြေရှာတွေ့နိုင်မည် မဟုတ်ပါ။ အရေးကြီးသော လူကြီးတွေ၏အခြမ်းကို အရင်သုံးသပ်ကြည့်ရအောင်ပါ။
လူကြီးများက အတွေ့အကြုံကို အားကိုး၍ လူငယ်များက အတွေးအခေါ်ကို အားကိုးသည်ဟု ဆရာတော်အရှင်ဆေကိန္ဒက မြွက်ကြားဖူးပါသည်။ အမှန်ပင် လူကြီးများသည် ဘ၀ကို ဖြတ်သန်းခဲ့သော နှစ်ကာလရှည်ကြာမှုကြောင့် အတွေ့အကြုံ တစ်ပုံတစ်ပင် ရှိနေပါသည်။ ထိုအတွေ့အကြုံများကြောင့်ပင် ခန့်မှန်းနိုင်မှုစွမ်းအားကြီးမားခြင်းသည် အားသာချက်တစ်ခု ဖြစ်လာပါသည်။ မည့်သို့လုပ်လျှင် မည်သို့ဖြစ်မည်ကို အကြမ်းဖျဉ်းနားလည်နေကြ၍ လူငယ်များကို နည်းပေးလမ်းပြ ပြုနိုင်ကြသည်။ နောက်ထပ် လူကြီးများ၏ အားသာချက်များမှာ လူငယ်များထက်ပို၍ ဆင်ခြင်တုံတရားရှိခြင်းနှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိခြင်းတို့ပင်ဖြစ်သည်။ ယင်းတို့ကြောင့် ဆုံးဖြတ်ချက်များချမှတ်ရတွင် အမှားနည်းနိုင်သည်။ မှန်ကန်သည်ဟု ယုံမှတ်ရသော အလုပ်ကို လုပ်ကိုင်နိုင်သည်။ ရိုးရာအစဉ်အလာများကြားတွင် ကြီးပြင်းလာကြသူများဖြစ်ကြသောကြောင့် အစဉ်အလာများကို ဖက်တွယ်ကာ ထိန်းသိမ်းလိုကြသည်။
အစဉ်အလာများကို ဖက်တွက်ထိန်းသိမ်းလိုကြသည့် လူကြီးများ၏ အကြီးမားဆုံးသော အမှားတစ်ရပ်မှာ မိမိထက်ငယ်သူမှန်သမျှ မိမိလောက်မတော်၊ မိမိလောက်မတတ်ဟု တွေးမိနေကြခြင်းပင်ဖြစ်ပါသည်။ ထိုအတွေးဝင်နေသမျှကာလပတ်လုံး သားသမီးတပည့်များပြောသည်ဆိုလျှင် မိမိခံယူချက်နှင့်မကိုက်ညီပါက အမှန်ဟု ယူဆမပေးနိုင်တော့။ “သူတို့က လူဖြစ်တာ ဘယ်လောက်ကြာသေးလို့လဲ”ဟု စကားတင်းဆိုရန်သာ ဦးနှောက်ထဲတွင် ရှိကြတော့သည်။ ဒုတိယအမှားမှာ မိမိငယ်ဘ၀ကို မေ့တတ်ကြခြင်းဖြစ်ပါသည်။ မိမိငယ်ငယ်ကလည်း မိဘများနှင့် အငြင်းအခုံဖြစ်ခဲ့ကြဖူးသည်တို့ကို သတိမရတော့။ မိဘမကြိုက်သည်များကို လုပ်ခဲ့ဖူးသည်ကိုလည်း မမှတ်မိ။ သာဓကပြရလျှင် မိမိတို့လက်ထက်က မိဘများနားမလည်ခဲ့သည့် စတီရီယိုသီချင်းများကို ခုံမင်ခဲ့သည့်ဘ၀ကိုမေ့ကာ ယနေ့ခေတ်ရက်ပ်များ၊ ပန့်ခ်များကို မိမိခံစားချက်နှင့် မကိုက်ညီတော့သည်နှင့် ပစ်ပယ်ချင်ကြခြင်း၊ စာကျက်ရန်ပျင်းသည့် မိမိငယ်ဘ၀ကို မေ့ချင်ယောင်ဆောင်ကာ သားသမီးကို တုတ်မိုး၍ စာကျက်ရန်စေခိုင်းခြင်း တို့ပင် ဖြစ်သည်။ အဆိုးဆုံးမှာ လူငယ်များက မိမိတို့ထက်သာသွားမည်ကို မလိုလားသောကြောင့် လူငယ်များ၏ ထင်မြင်ယူဆချက် အသစ်များကို အလေးမထားလိုကြ။ မိမိလောက်မတတ်သူများက မိကျောင်းမင်းရေကင်းပြနေသည်ဟု ယုံကြည်ကာ လူငယ်များကို မလေးစားကြတော့။ ထို့ပြင် လူကြီးများနှင့် လူငယ်များကြားမှ အကြီးမားဆုံး ကွာခြားချက်မှာ ခေတ်ပင် ဖြစ်ပါသည်။
ထိုအကြီးမားဆုံး ကွာခြားချက် ခေတ်ကြောင့်ပင် လူကြီးနှင့် လူငယ်တို့ကြားတွင် စည်းခြားနေသော တံတိုင်းက တစ်ထပ်ပြီးတစ်ထပ် ထူလာရခြင်း ဖြစ်နိုင်သည်။ “ငါတို့ ငယ်ငယ်တုန်းက မင်းတို့လို မဟုတ်ပါဘူးကွာ” ဟူသော စကားမျိုးကို အသက်ရလာသူ အများစုပြောဖြစ်ကြမည်ထင်ပါသည်။ လူကြီးများမဆိုထားနှင့် အသက်နှစ်ဆယ်မပြည့်သေးသူများထံမှပင် ထိုစကားမျိုးကို နားနှင့်ဆတ်ဆတ်ကြားခဲ့ဖူးပါသည်။ ပွင့်ပွင့်လင်းလင်း ၀န်ခံရလျှင်တော့ စာရေးသူကိုယ်တိုင်ပင် ထိုစကားသုံးကာ ဖွင့်ဟငြီးတွားခဲ့ဖူးပါသည်။ ဤသည်မှာ စက္ကန့်နှင့်အမျှ ပြောင်းလဲနေသော ခေတ်ကြောင့်ပင် ဖြစ်ပါသည်။ တိုးတက်ရာတိုးတက်ကြောင်းများက တစ်နေ့တစ်ခြား များပြားလာဖို့သာ ရှိသည်။ လျော့ကျသွားဖို့မရှိ။ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်၊ သုံးဆယ်ခန့်က လူငယ်များသည် ချတ်တင်ထိုင်ရကောင်းမှန်းမသိ၊ ရှိုးပွဲသွားစရာမလို၊ ရှော့ပင်ထွက်ရန်ဟူသည်ကား ဝေလာဝေးပင်။ ဖျော်ဖြေရေးများကလည်း များပြားလာ၍ လမ်းပေါ်ထွက်သည်နှင့် ပျော်စရာရှာနိုင်သော ခေတ်မျိုးတွင် လူငယ်မဖြစ်ခဲ့ဖူးသည့် ယနေ့လူကြီးများကိုလည်း အပြစ်တင်ရန်အကြောင်းမရှိပေ။ ထိုအခါ မိမိတို့ငယ်စဉ်က အိပ်မက်မမက်ခဲ့ဖူးသော လုပ်ငန်းဆောင်တာမျိုးနှင့် ပျော်မွေ့နေကြသော လူငယ်များ၏ ခံစားမှုကို ကိုယ်ချင်းမစာနိုင်ကြသော လူကြီးများဖြစ်လာသည်။ ခေတ်ကိုမလိုက်နိုင်ကြသူများမှာ လူငယ်များနှင့် ပိုမိုဝေးကွာလာရပြီး ပြဿနာများမှာလည်း ပိုမိုကြီးထွားလာကြသည်။ လူငယ်များကို ပေါ့ပေါ့ပါးပါး အပျော်ရှာနေကြသူများဟု သတ်မှတ်ထားကြသော လူကြီးများအတွက် စဉ်းစားရန် အခြေအနေကလည်း ပေါ်ထွက်လာပါသည်။
ထိုစဉ်းစားရန် အခြေအနေမှာ ယနေ့လူငယ်များသည် ပျော်ပါးရန်အခွင့်အလမ်းများ ပိုမိုများပြားလာသည်နှင့်အမျှ လှုပ်ရှားရုန်းကန်ရန်လည်း လိုအပ်မှုကလည်း တစ်နေ့တစ်ခြား တိုးတက်နေပါသည်။ မိမိတို့ငယ်စဉ်က မကြုံတွေ့ခဲ့ရဖူးသော ကျောင်းကပြန်သည်နှင့် ကျူရှင်တက်နေရခြင်း၊ နွေကျောင်းပိတ်ရက်များတွင်ပင် သင်တန်းမျိုးစုံတက်နေရခြင်းတို့ကို ထောက်ခံပြီး ကြည့်နေနိုင်ပါက အားလပ်ရက်များတွင် သူငယ်ချင်းများနှင့် အပြင်လည်ခြင်း၊ စတိတ်ရှိုးသွားခြင်းတို့ကိုလည်း မကန့်ကွက်ဘဲ နေနိုင်ရမည်ဖြစ်ပါသည်။ ထိုအလုပ်များသည် လူငယ်ဘ၀တွင်သာ လုပ်ဆောင်နိုင်သည့် အရာများဖြစ်သည်ဟု နှလုံးသွင်းကာ ခွင့်လွှတ်ပေးသင့်ပါသည်။ မိမိတို့လည်း လူငယ်ဘ၀က မိဘတို့က “အရည်မရ အဖတ်မရ”ဟု အမည်တပ်ခဲ့သော အလုပ်များစွာကို ပျော်မွေ့စွာလုပ်ကိုင်ခဲ့ဖူးသည် မဟုတ်ပါလော။
တစ်ဖန် လူငယ်များကို စောင်းငဲ့ကြည့်လိုက်လျှင် အတွေးအခေါ်များ၊ ခံစားချက်များကို အားပြုထားသည်ကို တွေ့ရမည်ဖြစ်ပါသည်။ နုပျိုလန်းဆန်းမှုများ ၀န်းရံနေသောအရွယ်ဖြစ်၍ အစဉ်သဖြင့် တက်ကြွနေကြသော လူငယ်များပင် ဖြစ်ပါသည်။ အတွေ့အကြုံများစွာ မရှိသေးသည်နှင့်အညီ အရာရာကို စူးစမ်းလိုကြသည်။ စမ်းသပ်ကြည့်ချင်ကြသည်။ သင့်တော်သည်၊ မသင့်တော်သည်ထက် မိမိတို့ ဆန္ဒရှိသောအရာကို လုပ်ဆောင်ရလျှင်ပင် ပျော်မွေ့နေကြသည်။ ၀ါသနာကို မွေးမြူထားကြပြီး ထိုဝါသနာအတိုင်းဆောင်ရွက်ကြသည်။ သွက်သွက်လက်လက်ရှိသော အရွယ်ဖြစ်၍ တစ်စုံတစ်ခု လုပ်ကိုင်လျှင် လျင်လျင်မြန်မြန်သာ ဆောင်ရွက်လိုကြသည်။ အပေါင်းအသင်းများနှင့် စုပေါင်းလုပ်ကိုင်ရသည်တို့ကို နှစ်ခြိုက်ကြသည်။ ထိုအပေါင်းအသင်းများကြားထဲတွင် စကားလုပ်ပြောနိုင်ရန် တစ်နေရာရာတွင် အခြားသူများထက် သာအောင်လည်း ကြိုးစားလိုစိတ်ရှိကြသည်။ မိမိသဘောကျသည့်ကိစ္စရပ်ကို လုပ်ကိုင်ချင်စိတ် ပြင်းပြကြသည်။
လုပ်ကိုင်ချင်စိတ် ပြင်းပြကြသော လူငယ်များသည်လည်း လူသားများသာဖြစ်၍ အမှားနှင့်မကင်းနိုင်ကြပေ။ ပထမမှားသည်မှာ မိမိတို့၏ မိဘများအပါအ၀င် လူကြီးများ၏ အတွေးအခေါ်များသည် ဟောင်းနွမ်းနေပြီဟု ယူဆကြခြင်းပင် ဖြစ်သည်။ ထိုသို့ယုံကြည်မိသည်နှင့်တစ်ပြိုင်နက် ဆုံးမစကားများကို စာအုပ်များထဲသို့သာ ပို့ပစ်ချင်ကြတော့သည်။ တမင်လုပ်ယူထားသော ဆန့်ကျင်မှုများကို ထုတ်ပြလာကြသည်။ ထို့ပြင် လူငယ်တို့သည် လူကြီးတို့၏ အတွေ့အကြုံကိုလည်း လျစ်လျူရှုတတ်ကြသေးသည်။ တစ်စုံတစ်ရာနှင့်ပတ်သက်၍ ရှင်းပြလျှင် အပိုဆာဒါးများဟုသာ ထင်မှတ်ကြသည်။ တစ်ခါတစ်ရံတွင် လူကြီးများလူငယ်ဖြစ်ဖူးသည်ကိုလည်း မေ့မေ့သွားတတ်ကြသည်။ လူကြီးမိဘတို့က သူတို့ငယ်စဉ်က ကြုံတွေ့ခဲရသည်များနှင့် နှိုင်းယှဉ်၍ ရှင်းပြလျှင်လည်း နားမ၀င်ကြတော့။ လူငယ်များတွင် တွေ့ရသော အဆိုးဆုံးအချက်မှာ မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲခြင်းပင် ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဟူသည်မှာ ရှိသင့်သည်အရာဖြစ်သော်လည်း လွန်ကဲလာလျှင်တော့ အမှားဘက်ယိမ်းလာသည်။ မိမိသည် အရာရာကို နားလည်သူဖြစ်သည်၊ လူကြီးများ၏ ညွှန်ကြားချက်မပါဘဲ ဆောင်ရွက်နိုင်သည်ဟု မှတ်ထင်မိသောအခါ ထိန်းသိမ်းပဲ့ပြင်ပေးလိုသော လူကြီးများကို အစိုးရိမ်ပိုသူများ၊ အလကားပူပန်တတ်သူများဟုသာ ယူဆထားကြတော့သည်။ ထိုမျှသာမက ထုံးတမ်းအစဉ်အလာများကို တစ်ဖြည်းဖြည်းပစ်ပယ်ချင်လာကြသည်။
ထုံးတမ်းအစဉ်အလာများကို ပစ်ပယ်ချင်လာကြသော လူငယ်များအဖို့လည်း မိမိတို့အတွက် ပုံပြင်သဖွယ်ပတ်ဝန်းကျင်တွင် လူလားမြောက်လာခဲ့ကြသော လူကြီးများ၏ စိုးရိမ်ပူပန်မှုတို့ကို နားလည်ပေးနိုင်ရန်မှာ အခက်အခဲတစ်ခုဖြစ်လာသည်။ လူကြီးမဖြစ်ဖူးကြသေး၍လည်း အသက်အရွယ်ရသူတစ်ယောက်၏ ဘ၀ကို ထပ်တူထပ်မျှ မခံစားပေနိုင်တော့ပေ။ ဤသို့ဖြင့် မရိုးသေးသော လူကြီးလူငယ်ပြဿနာများမှာလည်း အရှိန်အဟုန်မြင့်လာရတော့သည်။
ပြဿနာများ အရှိန်အဟုန်မြင့်နေခြင်းကို မည်သို့ဖြေရှင်းမည်နည်း။ လူကြီးဘက်မှ ခွင့်လွှတ်ပေးနေရုံမျှနှင့်လည်း မဖြစ်နိုင်ပါ။ လူငယ်များဘက်မှ နာယူလက်ခံနေရုံနှင့်လည်း မပြီးပါ။ နှစ်ဦးနှစ်ဖက်စလုံး ကျေကျေနပ်နပ်နှင့် ညှိနှိုင်းကြမှသာ အဆင်ပြေချောမွေ့သော ဆက်ဆံရေးတစ်ခုကို တည်ထောင်နိုင်မည် ဖြစ်သည်။
အဆင်ပြေချောမွေ့သော ဆက်ဆံရေးတစ်ခုကို တည်ထောင်နိုင်ရန်အတွက် လူကြီးများကို ခေတ္တ စဉ်းစားကြည့်စေလိုပါသည်။ နောင်အနှစ်သုံးလေးဆယ်တွင် ကမ္ဘာပေါ်ရှိ ဦးဆောင်နေသူများ အားလုံး၏နေရာတွင် ယနေ့လူငယ်ဟု အမည်တွင်နေသူများက အစားထိုးဝင်ရောက်ကြမည် ဖြစ်ပါသည်။ ထိုအခါတွင် ဘီလ်ဂိတ်နေရာတွင်လည်း ယနေ့လူငယ်၊ ဘင်ကီမွန်းရာထူးကိုလည်း ယနေ့လူငယ်၊ ဒေးဗစ်ဘက်ခမ်း၏ ကျော်ကြားမှုကိုလည်း ယနေ့လူငယ်များဖြင့်သာ ဖုံးလွှမ်းသွားမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် မိမိမျက်စိရှေ့တွင် ပျော်နေကြသော လူငယ်များကို သာမန်လူငယ်များဟု မတွေးဘဲ မိမိတို့နေထိုင်ခဲ့ဖူးသော ကမ္ဘာကြီးကို ဆက်လက်ထိန်းသိမ်းပေးသွားမည့် သူများအဖြစ် မြင်ကြည့်စေလိုကြပါသည်။ လူငယ်များကိုလည်း လူကြီးဖြစ်ရမည့် ဘ၀ကို ခဏမျှ နက်နက်နဲနဲတွေးတော ကြည့်စေလိုပါသည်။ မိမိပြောသမျှကို ခွန်းတုံ့မခံပြန်ပြောနေသော သားသမီးများနှင့် အတူနေထိုင်ရမည့် ဘ၀မျိုးကို မြင်ယောင်ကြည့်စေလိုပါသည်။ ထိုသို့ နှစ်ဦးနှစ်ဖက် စာနာနားလည်ပေးနိုင်ကြလျှင် ကမ္ဘာကြီးသည် ပို၍နေပျော်ဖွယ်ကောင်းလာမည် ထင်ပါသည်။
လူတွေရဲ့ မြတ်နိုးနှစ်သက်မှုဟာ ဘယ်အရာတွေပေါ်မူတည်ပါသလဲ။ ကျွန်မမှာလည်း ကျွန်မနှစ်သက်တဲ့ အရာတစ်ခုရှိပါတယ်။ သူ့မှာ အရောင်အဆင်းတွေ၊ အနံ့တွေမရှိပါဘူး။ ဒါပေမဲ့ သူ့မှာ အဖိုးမဖြတ်နိုင်တဲ့ အရသာတွေ ရှိပါတယ်။ ၀န်ခံပါတယ်။ ကျွန်မ သူ့ဆီမှာ မွေ့လျော်နေမိပြီ။ သူ့ဆီမှာ တောင်တန်းတွေလည်း ရှိတယ်။ မြင့်မားတဲ့ အတွေးအခေါ်တွေလည်း ရှိတယ်။ ပင်လယ်ပြာလည်း ရှိတယ်။ နှစ်လိုဖွယ် အေးချမ်းမှုလည်း ရှိတယ်။ ကလေးတွေလည်း ရှိတယ်။ ရိုးသားမှုလည်း ရှိတယ်။ ကောက်ကျစ်သူတွေလည်း ရှိတယ်။ လှည့်ဖြားမှုတွေလည်း ရှိတယ်။ သေချာတာက ကျွန်မသူ့ကိုသိပ်သဘောကျတယ်။
ဒါဆို….သူကဘာလဲ။ သေချာတာပေါ့။ အဲဒါကလွဲလို့ တခြားဟာမဖြစ်နိုင်ဘူးလေ။ ဟုတ်တယ်။ ‘စာပေ’ ပါပဲ။ တိတိကျကျ ပြောရရင် ‘စာပေအနုပညာ’ ပေါ့။ အမှန်တော့ ကျွန်မနဲ့သူနဲ့က ငယ်ငယ်လေး ကတည်းက ထိတွေ့ခဲ့တာ။ ကျွန်မတင် မဟုတ်ပါဘူး။ ကလေးတိုင်းက ကဗျာစရွတ်တတ်ပြီဆိုရင် သူနဲ့ ထိတွေ့မှုရှိပြီပဲ မဟုတ်လား။ ပြီးတော့ ပုံပြင်လေးတွေကတစ်ဆင့် သူ့ကို ခံစားတတ်လာတယ်လေ။ တဖြည်းဖြည်း စာအုပ်တွေ ဖတ်တတ်လာတော့ ‘စာပေအနုပညာ’ ကို မသိမသာ နားလည်လာရတယ်။
မှတ်မှတ်ရရပေါ့။ သုံးတန်းလောက်တုန်းက ဘာမှမဟုတ်တဲ့ ကလေးကဗျာလေးတစ်ပုဒ် ရေးခဲ့ဖူးတယ်။ ပြီးတော့ ပလုတ်တုတ်မှာပါလာတော့ ၀မ်းသာလိုက်တာ။ အဲဒီကစပြီး သူ့ကို ခင်တွယ်သွားမိတာပေါ့။ နောက်ပြီး လေး၊ငါးတန်းလောက်တုန်းက ဖတ်ရတဲ့ စာအုပ်တစ်အုပ်ကြောင့် သူပေးတဲ့ ခံစားမှု၊ တစ်မျိုးပြောရရင် ‘စာပေအနုပညာ’ ရဲ့ ရသကို ခံစားတတ်သွားတယ်။ ဆရာမ‘မစန္ဒာ’ ရဲ့ ၀တ္ထုတိုများ(၁)ဆိုတဲ့ စာအုပ်လေးပေါ့။ အဲဒီကစပြီး ဘ၀တစ်လျှောက်လုံး နေ့တိုင်းလုပ်ဖြစ်တဲ့ အလုပ်တစ်ခုတိုးသွားတယ်။ စာအုပ်ဖတ်တာလေ။
စာအုပ်ဖတ်တာကမှ တွေ့တဲ့စာအုပ်အကုန်ဖတ်တာ။ ထမင်းစားရင်းနဲ့လည်း အဆူခံပြီးတော့ကို စာအုပ်ဖတ်နေတာ။ မနက်စာမုန့်စားရင်တောင် လက်ထဲမှာက စာအုပ်တစ်အုပ်ရှိနေတာ နေ့တိုင်းနေ့တိုင်းပဲ။ ရုပ်မြင်သံကြားကြည့်လည်း လက်ထဲမှာက စာအုပ်နဲ့ပဲ။ မရိုမသေ…နောက်ဖေးသွားရင်တောင် စာအုပ်ရှာရတာက အလုပ်တစ်ခု။ သူငယ်ချင်းတစ်ယောက်က ပြောတယ်။ ‘ဗဟုသုတဆိုတာ စာအုပ်တစ်မျိုးထဲက ရတာမှ မဟုတ်တာ’တဲ့။ အဲဒီတုန်းက ကျွန်မက ပြန်ဖြေခဲ့ပါတယ်။ ‘ဗဟုသုတလိုချင်လို့ ဖတ်တာမှ မဟုတ်တာ၊ စာဖတ်နေရင် ဖြစ်နေတဲ့ အရသာကို ကြိုက်လို့ ဖတ်တာ’လို့။ ဟုတ်ပါတယ်။ ကျွန်မက အဲဒီအရသာကို ကြိုက်လွန်းလို့ စာအုပ်ဖတ်တာပါ။ ကျန်တဲ့ အကျိုးကျေးဇူးတွေက ကျွဲကူးရင်းရေပါတာပါ။ နောက်ပြီး စာဖတ်ရတာပျင်းလို့ စာအုပ်မဖတ်ဘူးဆိုတဲ့လူတွေကို ခုထိ နားလည်မပေးတတ်သေးပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် စာအုပ်ဖတ်ရတာကြိုက်တယ်ဆိုတဲ့ လူမျိုးကို ကျွန်မသဘောကျတယ်။
နောက်ပြီးကျွန်မက စာအုပ်တစ်အုပ်ကို တစ်ခါပဲဖတ်တာ မဟုတ်ပါဘူး။ စာအုပ်အသစ်မရှိရင် အဟောင်းတွေကိုပဲ ထပ်ခါထပ်ခါ ပြန်ဖတ်မိနေတာပါ။ ‘ကွက်လပ်ကလေး ဖြည့်ပေးပါ’တို့၊ ‘အရိပ်’တို့၊ ‘ဆဌဂံ’တို့၊ ‘ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်’တို့ဆို အပိုဒ်လိုက်အလွတ်ရနေပြီ။ အဲလိုစာအုပ်တွေဆို ဘယ်နှစ်ခေါက်ဖတ်ဖတ် ရိုးသွားတယ်လို့ကို မရှိဘူး။ အမြဲတမ်း အရသာရှိနေတယ်။ ၀တ္ထုတွေတင် မဟုတ်ပါဘူး။ ‘ဥာဏ်လမ်းပေါ်လျှောက် လူတစ်ယောက်အကြောင်း’ တို့၊ ‘မင်းဆယ်ပါးရာဇ၀င်’တို့လို စာအုပ်တွေလည်း ကျွန်မသဘောကျတယ်။
တစ်ကမ္ဘာလုံးမှာ ကျွန်မအကြိုက်ဆုံး စာရေးဆရာက ‘မစန္ဒာ’ နဲ့ ‘မာဂရက်မစ်ချယ်လ်’ပဲ။ ‘Gone with the wind’ ဆို ဘယ်လိုကြိုက်မှန်းကို မသိတာ။ ကျွန်မသူ့တို့ကို သိပ်အားကျတယ်။ ကမ္ဘာကျော် သရုပ်ဆောင်တွေထက် သူတို့ကို ပိုလေးစားတယ်။ အနုပညာရှင်ချင်းတူရင်တောင် စာရေးဆရာတွေရဲ့လက်က လူတွေကို ပိုအကျိုးပြုနိုင်တယ် ထင်တာပဲ။
ကျွန်မကိုယ်တိုင်လည်း ဘာမှမဟုတ်သေးပေမဲ့ စာရေးရတာ ၀ါသနာပါတယ်။ ‘စာပေအနုပညာ’ ရဲ့ ရသကို ခံစားနေရင်းနဲ့ ကိုယ်တိုင်ဖန်တီးချင်လာတယ်။ စာအုပ်ဖတ်ရတာကို ပျော်မွေ့သလိုပဲ စာတွေ၊ ကဗျာတွေရေးရတာ ကြိုက်လာတယ်။ တစ်နေရာရာမှာများ ကိုယ်ရေးတဲ့စာ ပါလာပြီဆိုရင် စစ်ပွဲတစ်ရာလောက် နိုင်ထားတဲ့ သူရဲကောင်းလိုပဲ ဂုဏ်ယူလို့မဆုံးတော့ဘူး။ အဲလိုနေ့ဆို လမ်းလျှောက်တာတောင် ခြေထောက်နဲ့မြေကြီး သိပ်မထိချင်ဘူး။
သေချာတာက ကျွန်မ စာပေကို သိပ်မြတ်နိုးတယ်။ မြန်မာစာကိုလည်း သိပ်ချစ်တယ်။ ဘယ်နေရာမှာဖြစ်ဖြစ် သတ်ပုံတွေမှားနေတာတွေ့ရင် စိတ်ဆိုးတယ်။ကျွန်မကိုယ်တိုင်လည်း အဲလိုမျိုးမမှားအောင်နေတယ်။ ကျွန်မတို့ ကိုယ်တိုင်တောင် မထိန်းသိမ်းရင် ဒီစာတွေကို ဘယ်သူတွေက လာထိန်းသိမ်းပေးမှာတဲ့လဲ။ တစ်ခါတစ်ခါ ကျွန်မ စိတ်ကူးယဉ်ကြည့်ဖူးတယ်။ မြန်မာတစ်နိုင်ငံလုံးက လူတွေအကုန်လုံး စာဖတ်ဝါသနာပါကြတဲ့နေ့ကိုပေါ့။ တစ်နေ့နေ့တော့ ဖြစ်လာတန်ကောင်းပါရဲ့နော်။
အိပ်မက်မရှိတဲ့လူရှိလား၊ မထင်ပါဘူး။ လူတွေရှေ့မဟုတ်တောင် တိတ်တိတ်ကျိတ်ပြီး နေ့အိပ်မက်မက်နေတဲ့သူတွေ တစ်ပုံကြီး ရှိမှာပဲ၊ မဟုတ်ဘူးလား။ ကျွန်မမှာလည်း အိပ်မက်တွေ အများကြီး ရှိတယ်။ ဒီနေရာလေးက ကျွန်မအိပ်မက်တချို့ရဲ့ တစ်စိတ်တစ်ဒေသပေါ့။ အိပ်မက်ထဲလာလည်ကြပါဦး။ ပြောစရာရှိလည်း ပြောပေါ့နော်။