ရည်းစားထားတော့မယ်လို့ စိတ်ကူးနေပြီဆိုရင်တော့ ဒီပို့စ်လေးက နည်းနည်းလေး အထောက်အကူဖြစ်မှာပါ။ ကိုယ်တိုင်လည်း ဆရာကြီးမဟုတ်ပေမယ့် အဆင်ပြေလှတဲ့ အချစ်တစ်ခုကို ဝေမျှချင်လို့ပါ။ ဒီပို့စ်က အတည်ထားမယ့်သူတွေအတွက်ပဲနော်။
ပထမဆုံး လူရွေးပါ။ (ဒါတော့ နင်ပြောမှလားနော်။) ဟုတ်ကဲ့… ရွေးပါဆိုတာ ကိုယ်တကယ်လက်တွဲနိုင်မယ့်လူမျိုးကိုပြောတာပေါ့။ သူများစံတွေနဲ့ကိုက်ပြီး ရုပ်ချောမှ၊ စာတော်မှတွေ လုပ်မနေပါနဲ့။ ပထမဆုံး ကိုယ်တကယ်ချစ်နိုင်မချစ်နိုင်ပဲ တွေးကြည့်ပါဦး။ ဒီလူနဲ့ နှစ်နှစ်ဆယ်လောက်နေရင် ပျော်ပျော်နေနိုင်မလားလို့ တွေးကြည့်ရင် တွဲဖို့သင့်မသင့် တွေးမိပါလိမ့်မယ်။ နောက်ပြီး ကိုယ်ကလက်ခံနိုင်ပြီဆိုရင် ကိုယ့်အိမ်ကသူ့ကို၊ သူ့အိမ်က ကိုယ့်ကို လက်ခံနိုင်လားဆိုတာလည်း ထည့်တွေးပေးပါဦး။ အဲ… လက်ခံနိုင်လောက်တယ်ဆိုရင် ပြဿနာမရှိပေမယ့် တကယ်လို့များ အငြင်းခံရနိုင်လောက်တယ်ဆိုရင် တစ်ကြိမ်ထပ်စဉ်းစားပါ။ (ဟင့်အင်း… မရဘူး.. သူ့ကိုပဲချစ်မှာ)ဆိုရင်တော့ တစ်ချိန်ချိန်မှာ ကြုံလာနိုင်တဲ့ မိသားစုပြဿနာတွေကို ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားဖို့တော့လိုမယ်နော်။ (အပျော်ထားတဲ့သူတွေအတွက်တော့ ဘာတွေလာပြောနေလဲမသိဘူးဆိုပြီး ဖြစ်နေမယ်နဲ့တူတယ်နော်)
ဟုတ်ပြီ။ နှစ်ဦးသဘောတူ ရည်းစားဖြစ်သွားပြီ ဆိုပါစို့။ ပွင့်လင်းဖို့ ပြင်ပါတော့။ ပွင့်လင်းဖို့ဆိုတာ တစ်ဦးနဲ့တစ်ဦးကြားမှာ ဖုံးကွယ်ထားတာမျိုး ဘာဆိုဘာမှမရှိတဲ့ အခြေအနေကို ထူထောင်ဖို့ ပြောတာပါ။ စဉ်းစားကြည့်လေ။ အရင်က ရည်းစားရှိဖူးတာကို လုံးဝမပြောဘဲထားလို့ အကြောင်းတစ်ခုခုကြောင့် သူသိသွားရင် ပြဿနာမတက်နိုင်ဘူးလား။ အဲ… ဒါပေမဲ့.. တစ်ခါနှစ်ခါလောက် ရည်းစားထားဖူးတယ်လို့ ပြောပြီးရင်တော့ ထပ်အစမဖော်နဲ့တော့နော်။ တော်ကြာ… အရင်လူကို မမေ့သေးဘူးလို့ အထင်ခံရလိမ့်မယ်။ နောက်ထပ်ပွင့်လင်းရမယ့်ဟာတွေက အနာဂတ်ရည်မှန်းချက်တို့၊ တက်နေတဲ့ကျောင်း၊ ကျူရှင်အကုန်(ဒါကတော့ သိသားပဲလို့ မတွေးနဲ့နော်၊ တချို့တွေက မပြောကြဘူး)၊ နောက်ပြီးတော့… ဘာတွေမကြိုက်ဘူး၊ ဘယ်လိုမျိုးတော့ လက်ခံနိုင်တယ် ဘာညာပေါ့။ ချိန်းတွေ့တိုင်းအဲဒါတွေ ထိုင်ပြောခိုင်းနေတာမဟုတ်ပါဘူးနော်။ စကားကြုံလာရင် ထည့်ပြောဖို့ပါ။ ဥပမာ- သူကဆေးလိပ်ကြိုက်တယ်၊ ကိုယ်ကအနံ့မခံနိုင်ဘူးဆိုရင် “သောက်ချင်ရင်တော့သောက်၊ နှစ်ယောက်အတူတူရှိနေတုန်းတော့ မသောက်နဲ့”ဆိုပြီး ညှိလို့ရတယ်လေ။ ယောင်္ကျားလေးတွေဆိုလည်း အလှကြိုက်တဲ့ မိန်းကလေးကို စကတ်တိုနံ့နံ့လေးတွေ မ၀တ်စေချင်ဘူးဆိုရင် “စကတ်တော့ဝတ်၊ ဒူးနားလောက်ရောက်တာဝတ်”ဆိုပြီး ဆွေးနွေးလို့ရတယ်မလား။ ကိုယ်လုံးဝလက်မခံနိုင်တဲ့အချက်တွေကိုတော့ ပြတ်ပြတ်သားသား ကြိုပြောထားတာ အကောင်းဆုံးပါပဲ။ တကယ်လို့များ… မပြောဖြစ်ခဲ့ရင် ကိုယ်ဘယ်လိုမှ သည်းမခံနိုင်တဲ့ကိစ္စကို သူလုပ်လာခဲ့တဲ့နေ့မှာ ရှင်းမရ၊ လင်းမရဖြစ်ကုန်လိမ့်မယ်နော်။
နောက်ပြီး ချစ်ချစ်ခင်ခင်နေရင် အကောင်းဆုံးပါပဲ။ “ရည်းစားတွေပဲ ချစ်မှာပေါ့” ဆိုပေမယ့် တချို့တွေက တစ်ပတ်မှာသုံးရက်လောက် စကားမပြောကြတာ မြင်ဖူးလို့ပါ။ အပျော်တမ်းစိတ်ကောက်တာက အစပိုင်းကောင်းပေမယ့် ချစ်သက်တမ်းကြာလာရင် ပြဿနာအကြီးကြီး ဖြစ်လာနိုင်တယ်နော်။ သူငယ်ချင်းတွေကြားမှာဆိုလည်း နောက်ပြောင်တာပဲဖြစ်ဖြစ် ကိုယ့်ချစ်သူဘက်ကပဲလိုက်ပါ။ ဘာရယ်မဟုတ်တဲ့ သေးသေးဖွဲဖွဲလေးတွေဆိုပေမယ့်လည်း သူစိတ်ထိခိုက်နိုင်တာကို သတိပြုရမယ်လေ။ နောက်ပြီးတော့… နှစ်ယောက်ကြားမှာ လူမ၀င်ပါစေနဲ့၊ သူများပြောမှ ကိုယ့်အကြောင်းသူသိရတာမျိုး မဖြစ်ပါစေနဲ့နော်။
မတွေ့ရတဲ့အချိန်တွေမှာလည်း အဆက်အသွယ်မပြတ်ပါစေနဲ့။ လူချင်းဝေးနေပေမယ့် စိတ်ချင်းနီးနေဖို့လိုတယ်လေ။ နှစ်ယောက်လုံးရဲ့အချစ်ကို နွေးနွေးထွေးထွေးဖြစ်အောင် မီးကင်နေပေး… အဲလေ… ကြင်ကြင်နာနာနေပေးပါ။ တချို့ယောင်္ကျားလေးတွေ ရှိပါတယ်။ “အဲလိုမျိုးတွေမလုပ်တတ်ဘူး…”ဆိုတဲ့ သူတွေပါ။ (သားက ရှက်တာကိုးလို့…) အဲလိုလူတွေအတွက် အကြံပေးချင်တာကတော့… စကားလှလှလေးတွေမပြောတတ်ရင်တောင် မွေးနေ့တွေ၊ အထိမ်းအမှတ်နေ့တွေကို မမေ့မလျော့ဘဲ သတိရနေတဲ့အကြောင်းဖြစ်ဖြစ်၊ အလုပ်လုပ်နေရင်း ဖုန်းလေးဖြစ်ဖြစ်ဆက်တာမျိုးဖြစ်ဖြစ်၊ သူလိုချင်နေတာ တစ်ခုခုကို ၀ယ်ပေးလိုက်တာမျိုး၊ လုပ်ပေးလိုက်တာမျိုးတွေလုပ်ပေးပေါ့။ အပြောမရှိရင် အလုပ်နဲ့သက်သေပြရမယ်မဟုတ်လား။
ကဲ… ကဲ… ဒီလောက်ဆို နည်းနည်းလောက်တော့ အဆင်ပြေမယ်ထင်ပါတယ်။ ဘာတွေရေးထားမှန်းမသိဘူးဆိုလည်း “အသုံးမကျတာလေးတွေ”ကို သည်းခံပေးပါလို့။